သရက်ချောင်း ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်ရှိ အခြေခံပညာပန်းတော (မူလွန်) ကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာသိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ ကလေးသူငယ်များအကြမ်းဖက်ခံရလျင် အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များနှင့် ဥပဒေများအကြောင်း၊ မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် ဦးတည်ချက်များအကြောင်းကို ကျောင်းသား/သူများသိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည် (၉) ဦးအကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား/သူများသိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် ပန်းတော(မူလွန်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခရေဇီဦးက မိမိကျောင်း ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုးပွားစေရန် လာရောက်ဟောပြောသော ဌာနများမှတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များခင်းကျင်းပြသခဲ့ကာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင် (သရက်ချောင်း)