မြင်းမူမြို့နယ်တွင် စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မြင်းမူ ဇူလိုင် ၁၂

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုနှစ်အတွက် မိုးကြိုချည်မျှင်ရှည်များကို ဒေသနှင့်ကိုက်ညီသော နယုန်လတွင် အများဆုံးစိုက်ပျိုးခဲ့ကြရာ ယခုအခါ အပင် သက်တမ်း (၁) လသား အရွယ်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ကြောင်း သိရှိရသည်။

ဝါစိုက်ပျိုးရာတွင် (၁) ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊  လုပ်အားခနှင့် ဆေးဝါးအသုံးပြု ကုန်ကျစရိတ်အပါအဝင်  စုစုပေါင်းငွေကျပ် (၁၄၀၀၀၀) နီးပါးသာ ကုန်ကျကြောင်း၊   စိုက်ပျိုးပြီး (၃) လ အကြာတွင် စတင်ကောက်ယူရပြီး  အကြိမ်ရေအားဖြင့်   အနည်းဆုံး (၅) ကြိမ်ထိ ကောက်ယူရရှိနိုင်ကြောင်း၊ ဝါပိသာချိန် (၃၅၀) နှင့် (၄၀၀) ပိသာအထိ ထွက်ရှိကြောင်း၊ ယမန်နှစ် ဝါဈေးနှုန်း မှာ (၁) ပိသာ (၁၈၀၀) မှ အမြင့်ဈေး (၃၈၀၀) ကျပ်အထိ အဝယ်ဈေးရှိခဲ့ကြောင်း ဝါစိုက် တောင်သူများအနေဖြင့် ယခုနှစ်တွင်လည်း  ဝါဈေးကောင်းရန် မျှော်လင့်လျှက်ရှိကြကြောင်း   ဝါစိုက်တောင်သူ ဦးသဲမောင်ထံမှ သိရှိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါ (၂၁၉၃၉) ဧကစိုက်ပျိုးရန် လျှာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးခဲ့ပြီ ဖြစ်ကြောင်းနှင့် လိုအပ်သည့် နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီလျှက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ