ပလောက် ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အခြေခံပညာ မူလတန်း လွန်ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယနေ့ နံနက်(၁၀)နာရီက ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ၏ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးစားခဲ့ပုံများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား ဆရာမ ဒေါ်နန်းအေးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ် များကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြသ ထားရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်