ကလိန်အောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

ကလိန်အောင် ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို အဆိုပါကျောင်း၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက " တို့များမမေ့နိုင် ၁၉ ဇူလိုင် " အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက " မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ”၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများက ‌" လေးမြတ်ဂုဏ်ရည် အာဇာနည်" စာစီစာကုံးခေါင်းစဉ်ဖြင့် လည်းကောင်း၊

ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက " အာဇာနည်မြတ်မမေ့အပ်"၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများက " သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများက " အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်" ခေါင်းစဉ်တို့ဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၇)ဦးတို့က အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူ များအား ကလိန်အောင်မြို့ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့တို့မှ အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့်  ဆောင်းပါး ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းမှာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့ သမိုင်းကြောင်းကို ကျောင်းသား၊ကျောင်း သူများသိရှိနားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအမှတ်ရနေစေရန် ရည်ရွယ်၍  ယခုလို ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)