၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

မအူပင် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်က မအူပင်မြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပူးပေါင်း ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအား အဖွင့်ပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာက ရွေးကောက် ပွဲကာလအတွင်း ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် သင်တန်းဖွင့်လှစ်မည့် အဓိက အစီအစဉ်များ၊ မဲစာရင်းပြင်ဆင်မှုများ၊ မဲရုံသုံးပစ္စည်းများအား ရပ်ကွက်/ကျေးရွာများသို့ စနစ်တကျ ပို့ဆောင်ရေး၊ မဲရုံများတွင် လျှပ်စစ်မီးရရှိမှုရှိ/မရှိ အခြေအနေများကို ဆွေးနွေးရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များက မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် တာဝန်ယူဆောင်ရွက်နေမှုကို ပြန်လည်ဆွေးနွေးကြောင်း သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)