စလင်း ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စလင်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ပြီး မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မြန်မာစာပေနှင့်စွမ်းရည်တိုးတက် မြင့်မားလာစေရေးနှင့် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် နာယကဆရာကြီး ဦးဝင်းကြည်မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေး ရရှိရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးစားခဲ့ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်လေးမြတ်ဂုဏ်ရည် အာဇာနည်ခေါင်းစဥ်ဖြင့်လည်းကောင်း အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် မမေ့သင့်အစဥ်အလာအာဇာနည်နေ့ အချိန်အခါခေါင်းစဥ်ဖြင့်လည်းကောင်း မူလတန်းအဆင့်တွင် ဒို့များမမေ့နိုင် (၁၉) ဇူလိုင်ခေါင်းစဥ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၃၇) ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့်ကျောင်းသား ကျောင်းသူကလေးငယ်များအား အာဇာနည်နေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြင့်မည်ဖြစ်ကြောင်းသိရသည်။
စလင်း (မောင်လွင်)