အထက်မင်းလှ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ ၊ ကွင်းအမှတ် (၈၄၀)၊ ဦးပိုင်(၃/၁) တောင်သူဦးကျော်ဆွေ၏ လယ်မြေ (၄.၈၈)ဧကရှိ မိုးစပါး Seeder စိုက်စနစ်စံပြကွက်တွင် ဧရာပဒေသာစပါး မျိုးစေ့များအား မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါး Seeder စိုက်စနစ်စံပြကွက်တွင် မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီနိုင်က မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးနည်းနှင့် Seederဖြင့် စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချနည်း လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်က တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေး၊ အထွက်ကောင်းမွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးပြောကြားပြီး မျိုးစေ့ချကိရိယာဖြင့်စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းနှင့် ပတ်သက်၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုး နိုင်ရေးနှင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အထွက်ကောင်းစပါးမျိုးစေ့များ ထုတ်လုပ်ပေးနိုင်ရေးကို စနစ်တကျ ထွန်ယက်ပြုပြင်ထားသော မျိုးစေ့ထုတ်စိုက်ပျိုးမြေများတွင် စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးရေး ကြီးကြပ်ဝန်ထမ်းများက အနီးကပ် ကြီးကြပ် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အဆိုပါ မိုးစပါး Seederစိုက်စနစ်စံပြကွက်တွင် မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက်မျိုး စေ့ချစိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(ပြန်/ဆက်)