ငဖဲ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်လင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက (၇၆)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သိကောင်းစရာ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းများ၊ နေ့ထူးနေ့မြတ်များ၊ နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုအခြေအနေများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား ကျောင်းသူများအား အသိပညာပေး ပြောကြားပြီး သိမှတ်ဖွယ်ရာ အထွေထွေဗဟုသုတများမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာ ပြသထားရှိသော (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦး၏ အထ္ထူပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောင်းသား/ သူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ပြန်/ ဆက်)