နတ်မောက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကလေးငယ်များအတွက် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရန် အနုပညာ ကို တန်ဖိုးထားတတ်စေရန်နှင့် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ် ၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား/ သူလေးများက “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က အောင်ဆန်းကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့် ကျောင်းသား/သူ စုစုပေါင်း (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူ များအား ဇူလိုင်လ (၁၈)ရက်နေ့တွင် နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆုများ အသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လှဝင်း