စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

သရက် ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တောင်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သရက်မြို့နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့၊ ကံမြို့နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့၊ မင်းတုန်းမြို့နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့နှင့် မင်းလှမြို့နယ် စိုက်ပျိုးစွမ်းအားမြှင်တင်ရေးအဖွဲ့တို့မှ ဆွေးနွေးမှုအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးစိုက်အားမြှင့်တင်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ မိမိဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်ကရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ဦးတည်ချက်(၁၂)ရပ် ဖြင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည်ဖော် ဆောင်ရွက် နေတာဖြစ်ကြောင်းနှင့် လယ်ယာမြေနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်စေလိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ မီးလင်းရေးများ လိုအပ်ချက်ရှိပါက တင်ပြစေလိုကြောင်း၊ တောင်သူများရဲ့ လူမှုဘဝမြင့်မားဖို့ အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံသည် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ အဓိကကျပြီး မိမိတို့ဒေသဟာ ဆီထွက်သီးနှံမြေပဲနှင့်နှမ်းကို အဓိကထားစိုက်ပျိုးနေကြတာဖြစ်ကြောင်း၊ သို့သော် ရာသီဥတုအပေါ်မူတည်ပြီး စိုက်ပျိုးကြရမှာဖြစ်လို့ တောင်သူများအနေနဲ့ မိမိတို့မြို့နယ်မှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေနဲ့ဆက်သွယ်ပြီးအကြံယူ၍ နှစ်သီးသုံးသီးစား စိုက်ပျိုးသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝါစိုက်ပျိုးမည့် တောင်သူများအတွက် ဝါသီးနှံမျိုးစေ့ မျိုးစေ့ပေါင်း(၃၁၃၂) ပိဿာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ (၈၇.၅) အိတ်တို့ကို တောင်သူ(၃၅၄)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇော်ထက်(သရက်)