ပွင့်ဖြူ ဇူလိုင် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့် ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင် အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁ ဒသမ ၁၀၀၀ သန်းဖြင့် လမ်းအရှည်ပေ ၁ မိုင်အား လမ်းအကျယ် ၁၂ ပေ ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း၊ Pipe Culvert နှင့် Slab Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ဇွန်လ ၁၈ ရက်နေ့က စတင်၍ တင်ဒါအောင်မြင်သည့် မကွေးမြို့၊ တော်ဝင်းထွန်းကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု ၁၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အကျိုးပြု အိမ်ခြေ ၇၉၀ အိမ်မှ လူဦးရေ ၃၆၃၉ ဦး၏ စိုက်ပျိုး လယ်မြေဧက ၇၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်း (၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)