ကျွန်းစု ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ် ကျေး/လက်ဦးစီးဌာနက သိရသည်။
(VDP)ကျေးရွာစီမံကိန်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရန်နှင့် အသုံးပြုရမည့် ပုံစံများ စနစ်တကျ ဖြည့်သွင်းနိုင်ရန်အတွက် စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၇)ရွာမှ ကျေးရွာ VDP ကော်မတီဝင် (၂၁)ဦးအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေး/လက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် AVIP ရေးဆွဲနည်းများကို မြို့နယ်ကျေး/လက် ဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေနှင့် တာဝန်ရှိသူများက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ကျွန်းစုမြို့နယ်တွင် မစမ်းပါးကျေးရွာ၌ ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်း၊ မရမ်းချောင်းကျေးရွာ၊ တာရပိုင်းကျေးရွာနှင့် ဖျံအော်ကျေးရွာတို့၌ ကွန်ကရစ်လမ်းခင်းးခြင်း၊ ဒုံးဥယျာဉ်ကမ်းကျေးရွာနှင့် သရင်ကမ်းကျေးရွာတို့၌ ပညာရေးဝန်ထမ်းအိမ်ယာ ဆောက်လုပ်ခြင်း၊ ဒုံးဇလပ်ကျေးရွာ၌ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။
ထက်မြင့်(ကျွန်းစု)