ဆိပ်ဖြူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အောက်ဆိပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
လူငယ်အသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ဦးဆောင်မှုဖြင့် ကျောင်းသား/ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် အောက်ဆိပ်(အ.ထ.က) ကျောင်းအုပ်ဆရာကြီး ဦးဇေယျာဝေက လူငယ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သတ်၍ အမှာစကား ပြောကြားပေးသည်။ ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က ကျောင်းသား/ ကျောင်းသူ များအား လူငယ်နှင့် စာရိတ္တ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်တို့ကို အသိပညာပေး ဟောပြောဆောင်ရွက်ပေးပြီး ပညာရတနာ ကျောင်းစာကြည့်တိုက် ရှေ့၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ နံရံကပ်၊ ဓာတ်ပုံ၊ ပိုစတာများ ပြသ၍ ကျောင်းသား/ကျောင်းသူများ သိရှိလိုသည်များကို ရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)