ပန်းတောင်းမြို့နယ် အခြေခံကျောင်းများသို့ လူငယ်ရေးရာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ပန်းတောင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အထက(ခွဲ)ပေကုန်းကျောင်းသို့ အသိပညာပေး ဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ယနေ့လူငယ်များသည် တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက် သုံးစွဲမှု များပြားလာသည့်အလျောက် အကောင်းအဆိုး ခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန် အင်တာနက်မှတစ်ဆင့် ဗဟုသုတ ရရှိနိုင်သည့် နည်းလမ်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ဟောပြောကာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသားကျောင်းသူများကို ကျန်းမာရေး ကောင်းမွန်ကြံ့ခိုင်ဖွံ့ဖြိုးသော နိုင်ငံသား/သမီးကောင်းများ ဖြစ်ပေါ်လာစေရန် ကျောင်းစာအပြင် ကိုယ်လက်လှုပ်ရှားအားကစား ပတ်သက်သော အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)