ပေါင်းတည် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးထားသော ရက်၉၀ ရတနာတိုးနွေ စပါးရိတ်သိမ်းပွဲကို ယမန်နေ့ညနေ ၄နာရီက ကြူတောကန်ကျေးရွာ၊ အကွက်အမှတ် ၁၀၉၄၊ တောင်သူဦးအေးကို၏ ၂ဧက စံပြစိုက်ခင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ထိုစပါးရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊အဖွဲ့ဝင်(၂) ဦးအေးကျော်တို့နှင့်အတူ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့မှ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မျိုးမင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးရဲဝင်းတို့ တက်ရောက်ခဲ့ကြပြီး စပါးရိတ်သိမ်းနေမှုများနှင့် စပါးအရည်အသွေးနှင့် ထွက်ရှိနှုန်းကိုကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စိုက်ခင်း၏ ၆၆ ပေပတ်လည်စံကွက်မှ ရိတ်သိမ်းရရှိသော စပါးများကို စိုက်ပျိုးရေးဝန်ထမ်းများက စစ်ဆေးကြည့်ရှုကြရာ တစ်ဧကလျှင် ၁၃၄ တင်းထွက်ရှိကာ အသိမ်အဖျင်းကင်းစင်ပြီး စပါးအရည်အသွေးကောင်းကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက် )