လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို အ.ထ.က (ခွဲ) ရုံးတောကျောင်းတွင် ကျင်းပ

အိမ်မဲ ဇူလိုင် ၁၂

လူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ရုံးတောကျေးရွာ အ.ထ.က(ခွဲ) ရုံးတောကျောင်း၌ ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များနားထောင်ပြီး အသိပညာ ဗဟုသုတများ ရရှိ၍ အပြန်အလှန် ဖလှယ်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့် အတူ Grade-11 မှ မောင်ရဲထက်လွင်က “မူးယစ်ဆေးဝါးဆိုတာ”ခေါင်းစဥ်၊ Grade-12 မှ မောင်စိုးသူလွင်က “မူးယစ်ဆေး ဝါးသုံးစွဲမိတဲ့ အ​ကြောင်းအရင်းများ” ခေါင်းစဥ်၊ Grade- 12 မှ မနန့်သန္တာအောင်က “မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ Grade -12 မှ မငြိမ်းငြိမ်းအေးက “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ” ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှု များနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနားသို့ အ.ထ.က(ခွဲ) ရုံးတောကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)