သာပေါင်း ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်များ ခင်းကျင်းပြသခြင်းများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်လှည့်လည်ဟောပြော ခင်းကျင်းပြသခဲ့ကြသည်။
ထိုသို့ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်များ ခင်းကျင်းပြသခြင်းများကို အခြေခံပညာမူလတန်းကျောင်း(အုပ်ပုံကုန်း)၊ အခြေခံပညာမူလ တန်းကျောင်း(နံနံပင်ကုန်း)၊အခြေခံပညာ မူလတန်းကျောင်း(မြို့သစ်)များသို့ လှည်လည်သွားရောက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများကို “အာဇာနည်ဆိုတာ အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်စွန့်ဝံ့သူ၊ ကိုယ့်အကျိုးထက် အများအကျိုးကို အမြဲစဥ်းစားပေးနေတတ်သူ၊ သတ္တိ၊ ဗျတ္တိနဲ့ပြည့်စုံ၍ နေရာ၊ အချိန်၊ ကာလအားလျော်စွာအသုံးချပြီး ပေါက်မြောက်အောင်မြင်သည်အထိ ရဲဝင့်စွာဆောင်ရွက်တတ်သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအကြောင်း၊ ဂဠုန်ဦးစော၏ အာဇာနည်(၉)ဦးအားလုပ်ကြံသတ်ဖြတ်မှုများအကြောင်း” စသည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး အသိပညာပေး ဟောပြောခဲ့ပြီး (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်များ ခင်းကျင်းပြသရာ စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သား ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)