ကလိန်အောင်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ကလိန်အောင် ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ မြို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့  နံနက် ၁၀ နာရီခွဲက ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ဝမ်းနည်းဖွယ် အထိမ်းအမှတ်တစ်ခု ဖြစ်သော အာဇာနည်နေ့ သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားအမှတ်ရနေစေရန် ရည်ရွယ်၍  ယခုလိုဟောပြောပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည့်တို့ကို အမှာစကား ပြောကြားသည်။ ဆက်လက်၍ အထက်တန်းပြ ဆရာမ ဒေါ်သန္တာအောင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးသည်။

ပြီးနောက် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်ခင်လဲ့က တက်ရောက်လာကြသော ကျောင်း‌သား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နေ့ထူးနေ့မြတ်အကြောင်းကို လည်းကောင်း၊ အာဇာနည်နေ့ အထိမ်းအမှတ် ပေါ်‌ပေါက်လာပုံနှင့် သမိုင်းအကြောင်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက နံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင် များကို စိတ်ဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြသည်။

အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှာ အလယ်တန်းအဆင့်၊ အထက် တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများမှ အာဇာနည်နေ့ပေါ်ပေါက်လာပုံ (ကဗျာ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဇာနည်နေ့တို့မမေ့ (စာစီစာကုံး) ခေါင်းစဉ် နှင့် ပန်းချီ၊ ပို့စတာပြိုင်ပွဲများကို အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

‌ဟောပြောပွဲသို့ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး‌ဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်ခင်လဲ့နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ခင်ခင်လဲ့