ကြံခင်း ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် ရှောက်ခုံကျေးရွာ (အ.လ.က)ကျောင်းနှင့် ချင်းမြောင်ကျေးရွာ ဘုရားနီတောင် (အ.မ.က)ကျောင်း စာသင်ခန်းမတို့တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခြေခံပညာကျောင်းများဖြစ်သော ရှောက်ခုံ(အ.လ.က)ကျောင်းတွင် ကံရွာကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးအောင်ဆန်းထွန်း၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမွန်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ချင်းမြောင်ကျေးရွာ ဘုရားနီတောင် (အ.မ.က)ကျောင်းတွင် သဲဖြူ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဆရာမ ဒေါ်ခိုင်မွန်ဦးနှင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများ ခြုံနွယ်၊ ပေါင်းမြက်များ ရှင်းလင်းရန်နှင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေ ပုံး၊ ရေအိုးများ၊ ရေကန်များ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောကြောင်း သိရသည်။
ထို့နောက် ရှောက်ခုံကျေးရွာ(အ.လ.က)ကျောင်းနှင့် ချင်းမြောင်ကျေးရွာ ဘုရားနီတောင်(အ.မ.က)ကျောင်းများမှ ကျောင်းသား/သူများအား တစ်ကိုယ်ရည် သန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)