တောင်ငူ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းကတောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁)၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက အာဇာနည်နေ့အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဆွေက ပလတ်စတစ်ညစ်ညမ်းမှု (သို့မဟုတ်) အဖြူရောင်အန္တရာယ် (White Pollution) ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးက ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကာ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုလေ့လာကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)