ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအိမ်မဲမြို့နယ်၏ ၂၀၂၃ ခုနှစ်မိုးစပါးဧက (၁၀၀)တွင် နယူးဧရာ (၁)အထူး အထွက်ကောင်းမျိုးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက် ကြည့်ရှုအားပေး

အိမ်မဲ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ရေသိုးညောင်ဝိုင်းကျေးရွာ တောင်သူဦးအောင်သောင်း၏ စိုက်ဧက (၂)ဧကတွင် နယူးဧရာ (၁)အထူး အထွက်ကောင်းမျိုး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အိမ်မဲမြို့နယ်၏ ၂၀၂၃ ခုနှစ် မိုးစပါးဧက (၁၀၀)တွင်အထူးအထွက်တိုးစပါးများဖြစ်သည့် နယူးဧရာ (၁)နှင့် GW- 11 မျိုးများ အများဆုံးစိုက်ပျိုးထားပြီး ယခုစိုက်ပျိုးခြင်းကွင်းသရုပ်ပြသော နယူးဧရာ (၁) အထူးအထွက်ကောင်းမျိုးသည် ဇွန်လ (၂၄)ရက်နေ့တွင်စတင်ပျိုးထောင်ပြီး ဇူလိုင်လ (၁၁) ရက်နေ့တွင်စိုက်ပျိုးခြင်း ဖြစ်ကာ (၁)ဧက အထွက်နှုန်း (၁၅၀)တင်းမှ (၂၀၀)တင်းအထိထွက်နိုင် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

“နယူးဧရာ (၁) အထူးအထွက်ကောင်းမျိုးစိုက်ပျိုးတဲ့နေရာမှာကျေးဇူးရှင်တောင်သူဦးကြီးများကို ပြောချင်တာကတော့ ပျိုးခင်းမှာလိုအပ်ပါက ရွက်ဖြန်းမြေသြဇာကိုအသုံးပြုနိုင်ပြီး ပျိုးသက်နုတဲ့ အချိန် ရွေ့ပြောင်းစိုက်ပျိုးပါ။ နောက် မြေသြဇာတစ်ကြိမ်ကျွေးတိုင်း သဘာဝမြေသြဇာနဲ့ ရောစပ်ပြီး ကျွေးရမှာဖြစ်ပါတယ်။ ပင်ပွား(၃၀)ပင်အထိအများဆုံးပွားနိုင်ပြီး ရက် (၅၀)နောက်ပိုင်း နောက်ကျပင်ပွားများအား ရေလွှမ်းသတ်ကပါမယ်။အပင်ရက် (၄၅) ရက်နဲ့ (၇၅-၈၀)ရက်သားမှာ မှိုသတ်ဆေးဖြန်းပေးရပါမယ်။ မရိတ်သိမ်းမီ (၁၄)ရက်ခန့်ရေကြိုဖြတ်ပြီး အလေအလွင့်နည်း၍ အထွက်နှုန်းမြင့်မားစွာရရှိစေရန် မောင်းညိုချိန်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း” အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး ပြောကြားချက်အရသိရသည်။

အဆိုပါနယူးဧရာ (၁)အထူးအထွက်ကောင်းမျိုးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများ၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး နှင့်တာဝန်ရှိ သူများ၊ မြို့နယ်အတွင်းစိုက်ပျိုးရေးစိတ်ပါဝင်စားသည့် တောင်သူများတက်ရောက်ခဲ့ သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)