ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ရာသီမရွေးစိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ စားပင်သီးပင်များစိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ခရမ်း၊ ပြောင်း၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ ကန်စွန်း၊ ပန်းဂေါ်ဖီနှင့်နံနံပင်များကို အိမ်ဘေးပတ်ဝန်းကျင်ရှိ မြေလွတ်နေရာများတွင် စိုက်ပျိုးခင်းနှင့်ကွမ်းခြံများတွင် ကြားညှပ်သီးနှံအဖြစ် ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။
ရာသီပေါ်ဟင်းသီးဟင်းရွက်များဖြစ်သည့်အတွက် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချနိုင်ပြီး ခရမ်းသီး ၃ လုံးတစ်တွဲ(၁၀၀၀)ကျပ်၊ ပြောင်းဖူးအနုတစ်စည်း(၄၀၀)ကျပ်၊ ရွှေဖရုံအညွှန့်တစ်စည်း(၃၀၀)ကျပ်၊ ချဉ်ပေါင်၊ ကန်စွန်းရွက်တစ်စီး(၂၀၀)ကျပ်၊ နံနံပင်တစ်စီး(၃၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၅၀၀)ကျပ်ရရှိရာထွက်ရှိသမျှ ဟင်းသီးဟင်းရွက်များကို အိမ်တွင်ရောင်းချခြင်း၊ လေညာနှင့်မဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေး၍ ရောင်းချခြင်းများပြုလုပ်လျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)