တနင်္သာရီ ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ပြပွဲ/ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ (Community Centre) မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမအတွင်းပြုလုပ်ရာ အမက-ချောင်းငယ်နှင့်အမက-တပ်ဦးကျောင်းမှ ဆရာမများနှင့် Grade-5 ကျောင်းသူ/သား(၂၁)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက အနာဂတ်မျိုးဆက်သစ် ကျောင်းသူ/သားများအနေဖြင့် နေ့ထူးနေ့မြတ်ရက်များနှင့် သမိုင်းကြောင်းများကိုသိရှိပြီး အလေးအမြတ်ထားတတ်စေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြား၍ အာဇာနည်နေ့ ဖြစ်စဉ်သမိုင်းကြောင်းကို ရှင်းလင်းဟောပြောပေးသည်။
ထို့နောက် Grade-5 ကျောင်းသူ/သား(၂၁)ဦးတို့အား စကားပုံဆက်မေးခွန်းလွှာနှင့် မြန်မာ့သတ်ပုံကျမ်းမှ သတ်ပုံအမှန်ရွေးချယ်ရေး မေးခွန်းလွှာတို့ဖြင့် ဆန်းစစ်ဖြေဆိုစေခဲ့ပြီး ပထမ/ဒုတိယ/တတိယဆုရ ကျောင်းသူ/သား(၆)ဦးအား ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ဝန်ထမ်းများက ဂုဏ်ပြုလက်မှတ်နှင့် ဆုများချီးမြှင့်ပေးအပ်ပြီး ကျန်ကျောင်းသူ/သားများအား အမှတ်တရလက်ဆောင် ပေးအပ်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမအတွင်း (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသထားရာ ကျောင်းသူ/သားများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရှိရသည်။
ထိန်ဝင်း(ပြန်ဆက်)