သရက်ချောင်းမြို့နယ်တွင် တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားခဲ့သော တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က သင်တန်းသူများအနေဖြင့် အဆိုပါ သင်တန်းမှရရှိသော ပညာများဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်စေလိုကြောင်း၊ မိမိတို့ဌာနမှ သင်ကြားသော ပညာများကို အခြေခံ၍ စားသောက်ကုန်ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်စေလိုကြောင်း၊ ကျန်းမာရေးနှင့် ညီညွှတ်စွာထုတ်လုပ်ပြီး ဒေသအတွင်း၌ ဖြန့်ဖြူးရောင်းချနိုင်ကြောင်း၊ မိမိဌာနမှလည်း လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း စသည်ဖြင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ခက်ခက်ဝေခိုင်က သင်တန်းဖွင့်လှစ်ပေးသော တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားပေးသော ဆရာမများနှင့် ပူပေါင်းကူညီဆောင်ရွက်ပေးသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားပြီးနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်းနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူခြင်း၊ သင်တန်းမှ လက်တွေ့ပြုလုပ်ထားသော စားသောက်ကုန်ပစ္စည်းများကို​ သင်တန်းသူများထံ ပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)