ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ်

ကော့သောင်း ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အားကစားနှင့်ကာယပညာရေးဦးစီးဌာနမှ ကျင်းပသော မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ၊ အမျိုးသမီး(ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ကျောင်း သား၊ကျောင်းသူများ လာရောက်အားပေးခဲ့သည်။

အဆိုပါ အမျိုးသမီး(ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲကို ဇူလိုင်(၆)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အခြေခံပညာကျောင်း(၈)ကျောင်းမှ အသင်းလိုက်အုပ်စုပွဲစဉ်များ အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပြီး အ.ထ.က(၃)ကျောင်းအသင်းနှင့် အ.ထ.က(ခွဲ) အ.လ.က (၁)ကျောင်း အသင်းတို့က ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဗိုလ်လုပွဲကို ပြိုင်ပွဲဝင် အသင်းများက အကြိတ်အနယ် ယှဉ်ပြိုင်နေမှုများကို ပရိသတ်တို့မှ တခဲနက် အားပေးခဲ့ကြရာ အ.ထ.က(၃)ကျောင်းအသင်းမှ (၁-၀)ဖြင့် အနိုင်ရခဲ့ကြောင်းသိရသည်။

ယင်းနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပူးတွဲတတိယဆုကို အ.လ.က(ခွဲ) (၃)မိုင်ကျောင်းအသင်းမှလည်းကောင်း၊ တတိယဆုကို အ.ထ.က (၁) အ.လ.က(၂) အသင်းလည်းကောင်း၊ ဒုတိယဆုကို အ.ထ.က(ခွဲ) အ.လ.က(၁) ရရှိပြီး ဆုရရှိသူများအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လည်ဆွဲဆုနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ ယင်းနောက် အ.ထ.က(၃) ကျောင်းအသင်းမှ ကျောနံပါတ် (၇) မနှင်းဆီလွင်အား အကောင်းဆုံး ကစားသမား ဆုချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော အ.ထ.က(၃) ကျောင်းအသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)