အင်းတော်မြို့နယ် သီပါကျေးရွာအခြေခံပညာကျောင်းတွင် School Garden စိုက်ပျိုးနိုင်ရေး ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ဥယျာဉ်ခြံသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

အင်းတော် အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သီပါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ( School Garden ) စိုက်ပျိုးနည်းများ လက်တွေ့ပြသ ဆောင်ရွက်ခြင်း၊ မျိုးစေ့များနှင့် ဥယျာဉ်ခြံသုံး ပစ္စည်းများ ထောက်ပံ့ခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကုစားရေးအစီအစဉ်အရ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာများနှင့် အခြေခံ ပညာ ကျောင်းများရှိ မြေလွတ် မြေလပ်နေရာများတွင် ယခုကဲ့သို့ အိမ်တွင်း၊ ကျောင်းတွင်း ဥယျာဉ်ခြံ စိုက်ပျိုးခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥယျာဉ်ခြံများကို စိုက်ပျိုးထားရှိသည့်အတွက် လတ်ဆတ် သော ဓါတုကင်းလွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ခြင်း၊ မိသားစု စားစရိတ် အား ထောက်ပံ့ပေးနိုင် ခြင်း၊ လတ်ဆတ်၍ ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို စားသုံးရသည့်အတွက် မိသားစု အနေဖြင့် ကျန်းမာရေးအတွက် အထောက်အပံ့ ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများအပြင် ကိုယ်ပိုင်ခြံ ဝင်းများအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ဌာနအနေဖြင့် နည်းပညာအကူအညီများ ပေးအပ်နိုင်ရေး အချိန်မရွေး ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အင်းတော် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် အင်းတော်မြို့နယ် လယ်ပြင်ကျေးရွာအုပ်စု၊ သီပါကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် အသုံးပြုနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့ (၁၁) မျိုးနှင့်၊ ဥယျာဉ်ခြံသုံးပစ္စည်း များအား စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ ကသာခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဖုန်းမောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်တို့က ပေးအပ်ခဲ့ရာ သီပါကျေးရွာ အုပ်ချုပ်ရေး မှူး ဦးအုန်းမောင်နှင့် သီပါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ညွှန့် တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းအတွင်းတွင် သင်တန်းတက်ရောက်လျက်ရှိသော အထူးရဲ တပ်ဖွဲ့ဝင်သင်တန်းသားများနှင့် ပူးပေါင်း၍ School Garden လုပ်ငန်းဆောင်ရွက်မှုများအား လက်တွေ့ပူးပေါင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ