ကမမောင်းမြို့၌ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ

ကမမောင်း ဇူလိုင် ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားထားသော “ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်” စာအုပ်အား ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက ပြည်သူများအနေဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်တစ်ဦးက လူ့ဘဝတွင် အဓိက အရွယ်သုံးပါးသာရှိ​ကြောင်း၊ ပထမအရွယ်က ပညာရှာသော အရွယ်၊ ဒုတိယအရွယ်က ဥစ္စာရှာသော အရွယ်၊ တတိယအရွယ်က တရားရှာသောအရွယ်၊ ထိုအရွယ်သုံးပါးစလုံးတွင် သူ့အရွယ်နှင့်သူ မအောင်မြင်လို့မဖြစ်ကြောင်း၊ မအောင်မြင်လျှင် လူလုံးမလှကြောင်း၊ အောင်မြင်သောဘဝကို လူတိုင်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ တစ်ယောက်ချင်းအောင်မြင်လျှင် နိုင်ငံနှင့် မြန်မာ့လူ့ဘောင်လောကကြီးတခုလုံး အောင်မြင်မည်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်ရန်အတွက် နည်းလမ်းတွေရှိကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သန့်ဇင်(ကမမောင်း၊ ပြန်/ဆက်)