စစ်ကိုင်း အောက်တိုဘာ ၁၂
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်တာကျေးရွာရှိ တောင်သူများသို့ သဘာဝ ပိုးသတ်ဆေး ပြုလုပ်နည်း အဆင့်ဆင်ကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျေးရွာတွင် လက်တွေ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
"သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းအဆင့်ဆင့်ကတော့ နွားသေးတစ်လီတာ၊ ထန်းလျှက်(၂၅) ကျပ်သား၊ နွားချေး အစို(၆၀)ကျပ်သား၊ ရေတစ်ဆယ်လီတာတို့ကို ရောသမမွှေပြီး (၂၄)နာရီကြာအောင် ထားရှိရပါတယ် တစ်နေ့ကို သုံးကြိမ်လောက် မွှေပေးရပါတယ် တစ်ရက်ပြည့်တာနဲ့ စိုက်ပျိုးသီးနှံ တစ်ဧက စာ ပိုးသတ်ဆေး ပတ်ဖျန်းလို့ရပါပြီ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲခြင်းအားဖြင့် ဓာတုကင်းစင်ပြီး မြေဆီလွှာများ ကောင်းမွန်ကာ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေပါတယ် လုပ်ရတာလည်း လွယ်ကူပါ တယ် " ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာတွင် စိုက်ပျိုးသီးနှံ တောင်သူလုပ်ကိုင်သည့် အိမ်ခြေ(၁၅၀) ခန့်ရှိသော်လည်း သဘာဝပိုးသတ် ဆေးပြုလုပ်သုံးစွဲသူ နည်းပါးနေသောကြောင့် အသုံးပြုသူများပြား လာစေရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နယ်မြေကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ဇော်မြင့်နိုင်