အထက(အိုးဘိုကုန်း)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ပြုလုပ်

ပေါက်ခေါင်း ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ပြီး မြန်မာစာစွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်‌ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အထက(အိုးဘိုကုန်း) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(အိုးဘိုကုန်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်မြတ်သန့်ကျော်နှင့် အလယ်တန်းပြဆရာမ ဒေါ်စန်းနွဲ့ တို့က အာဇာနည်နေ့ပေါ်ပေါက်လာပုံဖြစ်စဉ် သမိုင်းအကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအထ္တုပ္ပတ္တိများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့‌သည်။

ယင်းနောက်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည်အာဇာနည်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ်မမေ့အပ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်" စသည့်ခေါင်းစဉ်တို့ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊‌ ဆရာမများကဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)