ရှမ်းရွာသစ် ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာငရုပ်သီးများ ရောင်းချရာတွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောင်ယာငရုပ်သီးပင်များကို မိမိတို့၏ တောတောင်ခြံမြေများနှင့် တောင်ယာများတွင် မျိုးစေ့များကြဲပက်သည့် စနစ်ဖြင့်လည်းကောင်း၊ အပင်ပေါက်များပျိုးထောင်၍ သော်လည်းကောင်း အဓိကထားတစ် ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း၊ မြေအမျိုးအစားမရွေးဖြစ်ထွန်းပြီး ရာသီမရွေးစိုက်ပျိုး၍ရကြောင်း၊ ရင့်မှည့်ပြီးချိန်တွင် အသီးများခူးဆွတ်၍ မိသားစုစားသောက်ရန်ဖယ်ပြီး ပိုလျှံသည့်ငရုပ်သီးများကို ပြန်လည် ရောင်းချကြောင်း၊ ယခင်နှစ်တွင် တောင်ယာငရုပ်သီး တစ်ပြည်လျှင် ငွေကျပ် (၂၀၀၀) ကျပ်သာရရှိပြီး ယခုနှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ်(၁၀၀၀)ကျပ်ရရှိသဖြင့် စိုက်ပျိုး သူများအဆင်ပြေကြောင်း မိသားစုများ တောင်ယာငရုပ်ပေါ်ချိန်တွင် ဝင်ငွေပုံမှန်ရရှိသဖြင့် အဆင် ပြေလျက်ရှိကြောင်း ဒေသနေပြည်သူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစု သည် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ တောင်ယာငရုပ်စိုက်ပျိုးသည့် လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင် စိုက်ပျိုးကြကြောင်း၊ တောင်ယာငရုပ်သီးသည် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ဒေသနေပြည် သူများအများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင်မပါမဖြစ်စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာငရုပ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီး နှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးရောင်းချသူများ ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)