ဖောင်းပြင်မြို့၌ ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ ကာကွယ်တားဆီးရေးဆောင်ရွက်

ဖောင်းပြင် ဇူလိုင် ၁၁

ဖောင်းပြင်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်တာဆီးရေးလုပ်ငန်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများနှင့် ဘော်ဒါဆောင်များ၊ စာသင်ဝိုင်းများသို့ သွားရောက်၍ ဖုံးသွန်လဲစစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းစန်းက ခြင်ကြောင့်ဖြစ်သောရောဂါနှင့် ကာကွယ်ရေးနည်းလမ်းများနှင့်ပတ်သက်၍ " မိုးရာသီမှာ ခြင်ကြောင့်အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောနဲ့ ငှက်ဖျားရောကိုကာကွယ်ဖို့ အထူးသဖြင့် အိပ်တဲ့အချိန်မှာ ခြင်ထောင်ကိုမဖြစ်မနေထောင်ပြီး အိပ်ရပါမယ်၊ ခြင်ပေါက်ပွားမှုမရှိအောင် ရေလှောင်ကန်တွေကို နှစ်ရက်ခြားတစ်ကြိမ်လဲပေးရမယ်၊ ပုံမှန်အသုံးမပြုတဲ့ ပုံးတွေကန်တွေထဲမှာ ရေကိုရက်ရှည် ထည့်မထားရပါဘူး။ တာယာကွင်းတွေထဲမှာလည်း ရေတွေရက်ရှည် ဝင်ရောက်နေမယ်ဆိုရင် ခြင်တွေဥပြီးပေါက်ပွားနိုင်ပါတယ်။" ဟု အသိပညာပေး ပြောကြားသည်။

ထို့နောက် ခြင်ပေါက်ပွားမှု မရှိစေရန်အတွက် ရေအိုး၊ ရေကန်များအား အဖုံးဖုံးစေခြင်း၊ ပိုးလောက်လှန်းများရှိမရှိစစ်ဆေးခြင်းနှင့် ပိုးလောက်လှန်းရှိသည့် ရေသိုလှောင်ထားရှိမှုများကို သွန်ပစ်စေခြင်း၊ ရေအားလဲလှယ်စေခြင်းနှင့် ခြင်ပေါက်ပွားမှုကိုတားဆီးပေးသည့် အဘိတ်ဆေးအား ရေကန်အရွယ်အစားအလိုက် ဆေးပမာဏနှင့်တွက်ချက်ပြီးထည့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)