ညောင်ဦး၊ အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၃၁ ယောက်သည် ကျန်းမာရေးကောင်းမွန်သွားသည့်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင်ထံက သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရသူးများမှာ တောင်ဇင်းအုပ်စု၊ မှန်တောရွာမှ (၄) ဦး၊ မျက်ခါးတောရွာမှ (၂) ဦး၊ ရွာလုရွာမှ (၂၀) ဦး၊ ကောင်းပင်စည်ရွာမှ (၂) ဦး၊ ကြို့ပင်သာရွာမှ (၂) ဦး၊ အနောက်အုံရွာက (၂) ဦး၊ စုစုပေါင်း (၃၁) ဦး ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ နံနက် ၁၁ နာရီအချိန်တွင် ဆင်းခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်လည်းစေ့ကာ၊ ကျန်းမာရေးလည်းကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူတွေအနေဖြင့် နေအိမ်မှာ Home Quarantine (၇) ရက်နေထိုင်ရမည်ဖြစ် ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ရောဂါပျောက်ကင်းသူများအား ညောင်ဦးဆေးရုံ၊ မြင့်မြတ်သူလူမှုကူညီရေးအသင်း၊ ကရုဏာရှင်အသင်း၊ မြတ်ဒါနလူမှုကူညီရေး အသင်းတို့မှ လူနာတင်မော်တော်ကားဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ တစ်ဦးလျှင် နှာခေါင်းစည်း Mask ၅၀ ခုပါ တစ်ဘူးစီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၃၆) ဦးရှိပြီး လက်ရှိဆေးရုံကြီးတက်ရောက်ကုသနေသူ (၂၆) ဦးရှိနေသေးကြောင်း သိရသည်။
ကိုထိန်၊KPD