လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

လိပ်သို ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင်  ယနေ့နံက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အမှာစကား ပြောကြားပြီး အထက်တန်းပြ ဆရာမ ဒေါ်နော်ဘွေဖောက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အန္တရာယ်ကြီးမားပုံ၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များအကြောင်း၊ ဆောင်ရန်/ ရှောင်ရန် အချက်များကို ဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မူးယစ်ဆေးဝါး အန္တရာယ် အမျိုးအစား၊ မူးယစ်ဆေးစွဲ လက္ခဏာများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းနှင့် ယနေ့လူငယ်များအနေဖြင့်     “စာအုပ်စာပေ  လူ့မိတ်ဆွေ” ဆိုသော မြန်မာစကားပုံလေးနှင့်အညီ မိမိတို့အား အရာရာကို သွန်သင် ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူတို့သည် စာဖတ်ခြင်းဖြင့် မိမိဘ၀ကို တိုးတက်မြင့်မားလာအောင် ပြုလုပ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများကို ကျောင်းသား/ကျောင်းသူများ အနေဖြင့်  လက်စွဲကိုင်ကာ အစဉ်ဖတ်ရှုနေရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)