သရက်ချောင်း ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၀၂၃–၂၀၂၄) ခုနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိပြီး ဝင်ငွေတိုးတက်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ဖို့အတွက် ရည်ရွယ်ကြောင်း၊ ဒေသနှင့် ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းပညာရရှိပြီး အလုပ်ခွင်ကို တိုက်ရိုက်ဝင်ရောက်နိုင်တဲ့အထိ ကျွမ်းကျင်တက်ရောက်စေဖို့အတွက် ရည်ရွယ်ကြောင်း၊ တစ်ပိုင်တစ်နိုင် အိမ်တွင်းကုန်ထုတ် လုပ်ငန်းနေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအထိ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် (၂၀၁၅–၂၀၁၆) ဘဏ္ဍာနှစ်မှ (၂၀၂၂–၂၀၂၃)ဘဏ္ဍာနှစ်အထိ သင်တန်း (၂၈)ကြိမ်၊ သင်တန်းသား/သူ (၄၈၁)ဦးကို အသက်ဝမ်းကျောင်းပညာများ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ (၂၀၂၃–၂၀၂၄) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုဖြစ်တဲ့ သံဂေဟေဆက် သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်းကို သင်တန်းသူ(၁၅)နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က ပြောသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမက သင်တန်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းတွင် ပို့ချသော အခြေခံအပ်ချုပ်နည်းများကို စိတ်ဝင်စားစွာ သင်ကြားလျက်ရှိကြောင်း၊ သင်တန်းသူများလည်း မိမိတို့၏ စိတ်ကူးယဉ်များဖြင့် တီထွင်ချုပ်ထားသည့် အဝတ်ထည်များလည်းရှိကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဇွန်လ ၁၅ရက်နေ့မှ သြဂုတ်လ ၁၅ရက်နေ့ထိ (၂)လတိုင် မနက် ၈နာရီမှ ညနေ ၄နာရီထိ သင်တန်းသူ (၁၅)ဦးတို့နှင့် စာတွေ့/လက်တွေ့နည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)