မြောင်းမြ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁:၀၀နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေး ခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမ ခင်စောတင့် ရေးသားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်ဆန်းမြင့်က "စွန့်စားမှုဆီသို့ခြေတစ်လှမ်း" ဖြင့် လည်းကောင်း၊ ဒေါ်အိအိစိုးက "မွေးမေမေနဲ့ ကျွေးမေမေ" ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က "တန်ဖိုးထားပါစားစရာ" တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသူ များက စာအုပ်ပါ အကြောင်းအရာများကို ထင်မြင်ယူဆချက်များ အပြန်အလှန် ဆွေးနွေး ခဲ့ကြပါသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန် မြင့်မားလာပြီး အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)