မင်းတုန်း ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခွန်လွတ်ဈေးတွင် ယနေ့နံနက် ၇ နာရီက အပတ်စဉ် တနင်္လာနေ့တိုင်း "ပလပ်စတစ်မသုံးစွဲရေး" အသိပညာပေး လက်ကမ်းစာစောင်များကို ဈေးရောင်း၊ ဈေးဝယ်သည့် ပြည်သူများအား ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် ပလတ်စတစ်အိတ် အစားထိုး ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာ သတင်းစာ စက္ကူအဟောင်းများ သုံးစွဲရန်နှင့် ဈေးဝယ်ယူရန် ခြင်းတောင်း၊ ချိုင့်၊ ဘူး ယူဆောင်ရန်၊ ပလတ်စတစ်သည် ဆွေးမြေ့ပျက်စီးရန် မလွယ်ကူသည့်အတွက် နှစ်ပေါင်းများစွာ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းပြီး မြေဆီလွှာပျက်စီးစေခြင်း၊ မီးရှို့ဖျက်ဆီးပါက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသာနာများ၊ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြင်းနှင့် ပလပ်စတစ်ညစ်ညမ်းမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား ပလပ်စတစ်အိတ်မသုံးစွဲရေး အသိပညာပေးပြီး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)