မင်းလှမြို့ ၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးဆောင်ရွက်

အထက်မင်းလှ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူ စသည့်အခြားအစားထိုးပစ္စည်းများ အသုံးပြုရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မင်းလှမြို့ဇေယျာသီရိစျေး အပြင်ဘက်ဥပုသ်စျေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ် အိတ်များသည် အလွယ်တကူ ဆွေးမြေ့ ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထု၊ မြေထုအား ညစ်ညမ်း‌စေခြင်း၊ အပင်များနှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အစားငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ် စသည့်ထုတ်ပိုးပစ္စည်းများအစားထိုး အသုံးပြုရေး အသိပညာပေးဆွေးနွေးပြောကြားပြီး၊ ပလပ်စတစ်သုံးစွဲမှုလျှော့ချ‌ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေးနှင့် အစားထိုးအသုံးပြုရေးအသိပညာပေး  ဆောင်ရွက်ခြင်းကို၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)