ပခုက္ကူ ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာစာ၊ သမိုင်း၊ ပထဝီဝင်နှင့် အရှေ့တိုင်းဘာသာရပ်ဌာနတို့ပါဝင်သော ညွှန့်ပေါင်းအသင်းနှင့် ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွှန့်ပေါင်းအသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ တတိယဗိုလ်လုပွဲအဖြစ် ရူပဗေဒအသင်းနှင့် ရုက္ခဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းအား ကစားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်ခြင်းအားကစားအသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)