နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နတ်မောက် ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး နတ်မောက်မြို့နယ် သမဝါယမအသင်းစုလီမီတက်ဥက္ကဋ္ဌ ဦးလေးမြင့်က သမဝါယမအသင်း ငွေစုငွေချေး လုပ်ငန်းအောင်မြင်စေရန် အသင်းသားများ၏ လုပ်ငန်း ဆောင်ရွက်နိုင်မှု အကြောင်းအရာများကို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း အမှုဆောင်ဒေါ်ခင်မြရီက အသင်းအနေဖြင့် ပင်စင်ခံစားသည့် အသင်းသားဝန်ထမ်းများ၊ ပြောင်းရွေ့သွားသည့် အသင်းသားဝန်ထမ်းများနှင့် နှုတ်ထွက်  အသင်းသားများအား ချေးငွေအကျေပေးဆပ်စေပြီးလျှင် အသင်းသား၏ ရပိုင်ခွင့်အစု၊ စုဆောင်းငွေနှင့် စုဆောင်းငွေအပေါ် အတိုးများအား ချက်ခြင်းပြန်လည်ထုတ်ပေးခြင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အသင်းသားများ ထည့်ဝင်ထားရှိသည့်  စုဆောင်းငွေအပေါ် အတိုးငွေများအား ၂၀၂၃-ခုနှစ် ဇူလိုင် ဒုတိယပတ်အတွင်း  အသင်းဝင်ထားရှိသည့် သက်ဆိုင်ရာဌာနအလိုက် ကိုယ်စားလှယ်တစ်ဦးက လာရောက်ထုတ်ယူနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း အသင်းစာရင်းစစ် ဒေါ်ခင်စန်းတင့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသင်းဘဏ္ဍာရေးရှင်းတမ်းအားဖတ်ကြားခြင်းနှင့် အသင်းအမှုဆောင်အဖွဲ့ လုပ်ငန်း အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအားအသင်းဥက္ကဋ္ဌက အသင်းသားများ၏ လုပ်ငန်း ဆောင်ရွက်ဆောင်ရွက်မှုများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

လှဝင်း