မကွေးတိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မကွေး ဇူလိုင် ၉

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများက မကွေးတိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီး ဌာနများဖြစ်သော တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနက ပုညဝဍ္ဎဝတ်ရွတ်အသင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုညကာရီဝတ်ရွတ်အသင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သုခကာရီ ဝတ်ရွတ်အသင်း၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဓမ္မနန္ဒီဝတ်ရွတ်အသင်းနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက ဓမ္မသိင်္ဂီဝတ်ရွတ်အသင်းတို့က တစ်ဖွဲ့လျှင် (၂၂)ဦးဖြင့် အဖွဲ့လိုက် အလွတ်ရွတ်ဆိုပူဇော်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ညနေပိုင်းအချိန်တွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက်  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော်များကို စိတ်စေတနာထက်သန်စွာ အာဂုံဆောင် ရွတ်ပွားပူဇော်ခဲ့ကြသော ဝတ်အသင်းများ၏အသံသည် တိုင်းနိုင်ငံအနှံ့နှင့် အထက်ဘဝဂ်တိုင်အောင် လွင့်တက်ခဲ့ပြီဖြစ်တာကြောင့် ရွတ်ပွားပူဇော်ကြသူများနှင့် နာကြားရသူတို့၏ ကိုယ်စိတ်နှလုံးမှာ ရွှင်ပြုံးပီတိ ဂွမ်းဆီထိသလို ကြည်နူးဝမ်းမြောက်နေကြရမှာ ဖြစ်ပါကြောင်း၊ ယခုလိုရွတ်ဆို၍ ကုသိုလ် မင်္ဂလာများကို သူတစ်ပါးကိုပေးသဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့်ပြုလုပ်ပြီး တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်မင်္ဂလာများ ရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် ဗုဒ္ဓဒေသနာတော်များကို ရွတ်ဆိုပူဇော်လျက်ရှိပြီး နိုင်ငံနှင့်အဝန်း တရားဓမ္မသံများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး အထူးပင်ဂုဏ်ယူစရာကောင်းသည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲတွင် ပထမဆုရရှိသာ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုညကာရီဝတ်ရွတ်အသင်းကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ဒုတိယဆုရရှိသာ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက ဓမ္မသိင်္ဂီဝတ်ရွတ်အသင်းကို မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ တတိယဆုရရှိသော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သုခကာရီ ဝတ်ရွတ်အသင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော မကွေးတိုင်းဒေသကြီးအကျဉ်းဦးစီးဌာနက ပုညဝဍ္ဎဝတ်ရွတ် အသင်းနှင့် မကွေးတိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဓမ္မနန္ဒီဝတ်ရွတ်အသင်းတို့ကို မကွေးတိုင်းဒေသကြီးတပ်ဖွဲ့/ဦးစီးဌာနအဆင့် ဝတ်ရွတ်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးမိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်စိုးပပတို့က ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)