ကော့သောင်း ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးဌာနခွဲမှ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ၌ ရွှေခရု ဘက်စုံကာကွယ် နှိမ်နင်းခြင်းဆိုင်ရာ ကွင်းသရုပ်ပြပွဲကို ယအမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သရုပ်ပြပွဲသို့ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းစိုး၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံဦးစီးအရာရှိ ဦးမြမောင်၊ ကော့သောင်းခရိုင် ဦးစီးမှူးနှင့် ခရိုင်SMSများ၊ ကော့သောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများနှင့် ချောင်းဝကျေးရွာနှင့် (၈)မိုင်ကျေးရွာမှ တောင်သူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အဆိုပါ သရုပ်ပြပွဲ၌ တိုင်းဒေသကြီး၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးမှ စပါးသီးနှံတွင် ရွှေခရုဖျက်ဆီးပုံ၊ ရွှေခရုဘဝစက်ဝန်း၊ ရွှေခရု ကာကွယ်နှိမ်နင်းနည်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဥမြုံများကို ဖျက်ဆီးနိုင်ခြင်းသည် ကုန်ကျစရိတ်အနည်းဆုံးနှင့် ထိရောက်မှု အရှိဆုံးဖြစ်ကြောင်း၊ စုပေါင်း၍တစ်ကွင်းတစ်စပ်တည်း ကာကွယ်နှိမ်နင်းခြင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရုများကို မည်သည့်အကြောင်းကြောင်းကြောင့်မှ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ခြင်းမပြုသင့်ကြောင်း၊ စပါးပင်၏ အမြစ်ဆုံမှ စတင်ကိုက်ဖြတ် စားသောက်ခြင်း ဖြစ်သောကြောင့် ခရုများကျရောက်ပါက စိုက်ခင်းပျက်စီးစေသဖြင့် ကြိုတင်ကာကွယ် နှိမ်နင်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ပြီး လက်တွေ့ဆောင်ရွက်ရမည့် နည်းစနစ်များ ယခုကဲ့သို့ စိုက်ခင်းတွင် လက်တွေ့ဆောင်ရွက်ပြသခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသီးနှံကာကွယ် ရေးတာဝန်ခံနှင့်အဖွဲ့များက ခရုဥများ၊ ခရုကောင်များ ကောက်ယူခြင်း၊ ခရုကျရောက်နေသော စိုက်ခင်းများအတွင်း မျှားစာများချခြင်း၊ ဝါးတိုင်များ စိုက်ထူခြင်းတို့ကို သရုပ်ပြခဲ့ပြီး တက်ရောက်လာကြသော တောင်သူများက လက်တွေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)