ဘားအံ ဇူလိုင် ၉
ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၉) စုမှ ဒေသခံတောင်သူများသည် ယမန်နေ့နံနက် (၈)နာရီတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် (၁၁၈၄)၊ ထောင်ဝိကွင်း တောင်သူဦးတင်လှ၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် ဒေသနှင့်ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသရောင်းချခြင်း၊ ကွင်းအတွင်းလက်တွေ့ သရုပ်ပြခြင်းနှင့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ထို့အတွက် တောင်သူများအား ယခုကဲ့သို့ မျိုးစေ့နှင့် မြေဩဇာများကို အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ယခုအခါ လုပ်သားရှားပါးလာ၍ လယ်ယာလုပ်ငန်းခွင်၌ လယ်ယာသုံးစက်ကိရိယာများကို အသုံးချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဘဏ်များ၊ တောင်သူများတို့နှင့် ဟန်ချက်ညီညီ ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ယခုအခမ်းအနား၌ ဒေသနှင့်ကိုက်ညီသော စက်ကိရိယာများ ခင်းကျင်းပြသရောင်းချခြင်းအပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ ရိုးမဘဏ်များမှလည်း ပါဝင်ပူးပေါင်း၍ တောင်သူများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးမှ ဘားအံခရိုင်အတွင်း လယ်ယာစိုက်ပျိုးလုပ်ကိုင်မှု အခြေအနေနှင့် ကွင်းသရုပ်ပြပွဲပြုလုပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကျော်မန်ကျည်းကျွန်းကျေးရွာ၊ ကော့လှိုက်ကျေးရွာ၊ ရသေ့ပျံကျေးရွာ၊ ဘားကပ်ကျေးရွာ၊ နတ်ကျွန်းကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ လှာကမြင်ကွက်သစ်၊ မြိုင်ကလေးကျေးရွာအုပ်စုများရှိ တောင်သူများထံ မျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်၍ ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများသည် ပြည်နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြသခြင်းအား ကြည့်ရှုအားပေးပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ ရိုးမဘဏ်များမှ တောင်သူများအား ဝန်ဆောင်မှု ဆောင်ရွက် ပေးနေမှုအခြေအနေ၊ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချသည့် အရောင်းပြခန်း(၇)ခန်း၊ လယ်ယာသုံး စက်ကိရိယာအရောင်းပြခန်း (၈)ခန်းတို့အား လှည့်လည်ကြည့်ရှု၍ ဒေသခံတောင်သူများမှ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအားပေးနေသည့် အခြေအနေများအား ကြည့်ရှုအားပေးပြီး အခမ်းအနား၌ ပါဝင်ဖျော်ဖြေပေးကြသော ကရင်ရိုးရာဒုံးယိမ်းအဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ ပညာရေးကော်မတီ (BMWEC)ရှိ မြန်မာရွှေ့ပြောင်းကျောင်း (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ၂၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ(အဖြူ/အစိမ်း)၊ ကျောင်းသုံး ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားကို ပညာတတ် လူသားအရင်းအမြစ်များပေါများလာစေရေးအတွက် ရည်ရွယ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ အနေဖြင့် ရေးတတ်ဖတ်တတ်ရုံမျှနှင့်မပြီးဘဲ အားလုံးစာတတ်မြောက်ကြရန်လိုအပ်ကြောင်း၊ အနာဂတ်ကိုခေါင်းဆောင်ကြရမည့်လူငယ်များအား ပညာတတ်များဖြစ်အောင် များများမွေးထုတ် ပေးနိုင်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာရွှေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ (BMWEC)ဥက္ကဋ္ဌ ဒေါ်နော်ဆာအယ်စေးဖိုးထံ (ထက်၊လယ်၊မူ)ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ(အဖြူ/အစိမ်း) (၁၀၀)စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ် (၄၇၃၅)စုံ၊ ကျောင်းသုံးဗလာစာအုပ် (၈၅၀)ဒါဇင်တို့အား ပေးအပ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုအခါ ပညာရေးသင်ရိုးသစ်များကို သင်ကြား နေပြီဖြစ်၍ မြန်မာရွှေ့ပြောင်းကျောင်းများ၌လည်း သင်ရိုးသစ်အား သင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများကို ဆင့်ပွားသင်တန်းများ သင်ကြားပို့ချပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းနှင့် မိမိတို့ အစိုးရအနေဖြင့်လည်း ဆက်လက်ထောက်ပံ့ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)