မြိတ် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို အ.ထ.က(၁)ကျောင်း သဇင်ဆောင်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့်၌ “လေးမြတ်ဂုဏ်ရည်အာဇာနည်”၊အလယ်တန်းအဆင့်၌ “မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ”၊ မူလတန်းအဆင့်၌ “တို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့်၌ “သမိုင်းမော်ကွန်းတည်ကိုးဦးအာဇာနည်”၊ အလယ်တန်းအဆင့်၌ “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို အထက်တန်းအဆင့် “အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန်” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီးကျင်းပခဲ့ကြသည်။
အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ၌ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၆၀)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/သူ(၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုအား မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)