မြိတ်မြို့တွင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်းဆင်းပြီး သင်တန်းသားများ အအေးခန်းစက်ရုံ လက်တွေ့ သင်ကြားလေ့လာ

မြိတ် ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သော အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း (၁/၂၀၂၃) ကို ယမန်နေ့က သင်တန်းဆင်းပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများ အအေးခန်းစက်ရုံသို့ လက်တွေ့သင်ကြားလေ့လာခဲ့ကြသည်။

သင်တန်းတွင် ငါး/ပုစွန်ပြုပြင်စက်ရုံများ လိုက်နာရမည့် ကောင်းမွန်သော ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်လုပ်မှုကျင့်စဉ်၊ ငါး/ပုစွန် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်တွင် လိုက်နာဆောင်ရွက်ရမည့် “စံ” သန့်ရှင်းရေး ဆိုင်ရာနည်းလမ်းများ၊ ရေထွက်ပစ္စည်းများတွင် ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို စိစစ်ဖော်ထုတ်၍ ထိန်းချုပ်ဆောင်ရွက်ခြင်းစသည့် သင်ခန်းစာများကို ဇူလိုင်(၅)ရက်မှ(၇)ရက်အထိ သင်ကြားပေးခဲ့ပြီး သင်တန်းသား /သင်တန်းသူ(၁၁၆)ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ငါးလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်)၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန(ခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာက သင်တန်းနှင့်ပတ်သက် ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါ်နီနီလွင်နှင့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

ဆက်လက်၍  သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက အသီးသီးပေအပ်ခဲ့ကြပြီး သင်တန်းကာလအတွင်း မေးခွန်ဖြေဆိုမှုအတွက် အမှတ်အများဆုံးရရှိသော သင်တန်းသူ(၂)ဦးအား လက်ထောက်ညွှန်ကြားရေးမှူးက ဆုချီးမြှင့် ပေးအပ်သည်။ သင်တန်းဆင်းပွဲအပြီးတွင် သင်တန်း၌ ဆွေးနွေးသင်ကြားပေးခဲ့သည့် သင်ခန်းစာများဖြင့် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် အအေးခန်းစက်ရုံသို့ သင်တန်းနည်းပြများနှင့် သင်တန်းသားများ လက်တွေ့သင်ကြားလေ့လာခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )