ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပ

ပခုက္ကူ ဇူလိုင် ၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြု ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇူလိုင်လ ၇ ရက် ညနေ ၃ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊စည်း ကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ရပ်ကို ရွတ်ဆိုကြပြီး မြန်မာစာ၊သမိုင်း၊ ပထဝီဝင်နှင့်အရှေ့တိုင်းတို့ပါဝင်သော ညွှန့်ပေါင်းအသင်းနှင့် အင်္ဂလိပ်စာအသင်းတို့ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြရာ ညွှန့်ပေါင်းအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်ခြင်းအသင်း(၈)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)