တနင်္သာရီ ဇူလိုင် ၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်ဖြင့် သင်ကြား သင်ယူလုပ်ငန်းများဆောင်ရွက်မည့် Grade-9 နှင့် Grade-12 ကျောင်းသား/သူများအတွက်၊ ထိရောက်သော သင်ယူမှုများ စဥ်ဆက်မပြတ်ရရှိစေရန်နှင့် Grade-9 နှင့် Grade-12 တန်းပြ ဆရာ/မများ၏ ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် Grade-9 နှင့်Grade-12 သင်ရိုးသစ် (ဆင့်ပွား) သင်တန်းပို့ချမှုကို ဇူလိုင်လ ၁ ရက်နေ့စ၍ စနေနေ့/တနင်္ဂနွေနေ့၌ အပတ်စဉ် သင်ကြားပေးလျက်ရှိရာ ယနေ့ဇူလိုင်လ ၈ ရက်နံနက် ၉ နာရီအချိန်မှစ၍ (ဒုတိယ)ပတ်အဖြစ် အ.ထ.က တနင်္သာရီကျောင်းအတွင်း စာသင်ခန်းများခွဲ၍ လက်တွေ့ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆင့်ပွားသင်တန်းကို ဇူလိုင်လ(ပထမ)ပတ် စနေ/တနင်္ဂနွေနေ့မှ စတင်၍ တတိယပတ် စနေ/တနင်္ဂနွေနေ့အထိ နေ့စဥ်နံနက် ၉ နာရီမှ ၁၂ နာရီအချိန်ထိနှင့် နေ့လည် ၁ နာရီမှ ညနေ ၄နာရီအချိန်ထိ (၆)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး သင်တန်းကြီးကြပ်(၂)ဦး၊ ရုံးအဖွဲ့(၂) ဦး၊ Grade-9 သင်တန်းနည်းပြဆရာ/မ(၁၄)ဦး၊ သင်တန်းသားဆရာ/မ(၁၅၇)ဦးနှင့် Grade-12 သင်တန်းနည်းပြဆရာ/မ(၉)ဦး၊ သင်တန်းသား ဆရာ/မ(၄၀)ဦးတို့အား စာသင်ခန်း (၁၈)ခန်းဖြင့် ပို့ချပေးနေကြောင်း ၎င်းသင်တန်းသို့ တက်ကြရောက်သည့် ဆရာ/မများ၊ နည်းပြများနှင့် ကြီးကြပ်သူရုံးအဖွဲ့တို့အား နေ့တွက်စားစရိတ်အဖြစ် တစ်ရက်လျှင် (၃၀၀၀)ကျပ်နှုန်းနှင့် လာရောက်သည့် ခရီးအကွာအဝေးအလိုက် ခရီးစရိတ်များ ထုတ်ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)