ကံမမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

ကံမ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ယနေ့နံနက်(၆)နာရီခွဲက အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် သား/ငါး(၁၀)ဆိုင်၊ ဟင်းသီးဟင်းရွက်(၉)ဆိုင်၊ ကုန်စိမ်း(၂)ဆိုင်တို့မှ အမဲသား(၁)ပိသာလျှင် (၁၃၀၀ဝ)ကျပ်၊ ဝက်သား(၁)ပိသာလျှင်(၁၃၀၀ဝ)ကျပ်၊ ကြက်ဥ(၁)လုံး(၂၁၅) ကျပ်၊ ဘဲဥ(၁)လုံး(၂၅၀)ကျပ်၊ ငါးကြင်း(သေး)(၁)ပိသာလျှင်(၇၀၀ဝ)ကျပ်၊ ငါးကြင်း(ကြီး)(၁)ပိသာလျှင် (၁၂၀၀ဝ)ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ အသီးသီးရောင်းချပေးခဲ့ရာ ဈေးဝယ်ဒေသခံ ပြည်သူများမှ ကြိတ်ကြိတ်တိုးစည်းကားလျက် ဝယ်ယူခဲ့ကြပြီး အဆိုပါဖွင့်လှစ်ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအုန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါယနေ့ဖွင့်လှစ်ရောင်းချပေးသည့် တန်းဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို လာမည့်အပတ်မှစ၍ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)