ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် ရိက္ခာလေးမျိုးပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ပေးအပ်

ပုသိမ် ဇူလိူင် ၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် ရိက္ခာအမယ်လေးမျိုး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ယနေ့အခမ်းအနားသည် တိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် ရိက္ခာအမယ်လေးမျိုး ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စစ်မှုထမ်းဟောင်း များ၏ စားဝတ်နေရေးနှင့် သား/သမီးများ၏ ပညာရည်မြှင့်တင်မှုလုပ်ငန်းများကိုလည်း အလေးထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာလည်း သဘာဝသယံဇာတမည်မျှပင် ပေါကြွယ်ဝပါစေ  လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုကောင်းမွန်စွာ ဆောင်ရွက်နိုင်စွမ်းမရှိသည်ကိုတွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့နိုင်ငံအသီးသီးတွင် လူသားအရင်းအမြစ်ပေါကြွယ်ဝစေရန်  မျိုးဆက်သစ် လူငယ်များအတွက် ပညာရေးကဏ္ဍကို အထူးမြှင့်တင် ဆောင်ရွက်ပေးနေကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊  ယနေ့လူငယ်များဖြစ်သည့် မောင်မယ်တို့သည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့်မျိုးဆက်သစ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂါတ်နိုင်ငံတော်ကို ပုံဖော်ရာတွင် တိုင်းပြည်၏ ပညာရေးတိုးတက်မြင့်မားရေးသည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊  ပညာရေးတိုးတက် မြင့်မားရန်အတွက် မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာကိုအပတ်တကုတ် ကြိုးစားသင်ယူသွားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့အပြင် မိဘများအနေဖြင့်လည်း ကလေးများစာတတ်ဖို့ ကျောင်းမှာဘဲ တာဝန်ရှိသည်ဟူသော အသိမျိုးမထားဘဲ “မိဘဆရာပူးပေါင်းကလေးပညာကောင်း”  ဆိုသည်နှင့်အညီ သက်ဆိုင်ရာ ဆရာ/ဆရာမများနှင့်ပူးပေါင်းပြီး မိမိတို့သား/သမီးများ၏ အားနည်းချက်လိုအပ်ချက်များကို ပြုပြင်ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ ပညာသင်ယူသည့်အခါ ထက်သန်သည့်ဝီရိယနှင့် မျိုးချစ်စိတ်ဓာတ်တို့ ပေါင်းစပ်လိုက်ပါက တို့နိုင်ငံသည် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏မျိုးဆက်သစ်များဖြစ်သည့် မောင်တို့မယ်တို့သည် ဘက်စုံထူးချွန် လူငယ်များအဖြစ် ယခုကတည်းက အနာဂတ်ကိုမျှော်တွေးပြီး အစစအရာရာ ကြိုးပမ်းအားထုတ်လေ့လာဆည်းပူးကြရန် အလေး အနက်ထား တိုက်တွန်းမှာကြားလိုပါကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာသင်ထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌကလည်းကောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ရိက္ခာအမယ်လေးမျိုးအားပေးအပ်ရာ အရန်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အမျိုးသမီးတစ်ဦးကလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများပေးအပ်ရာ ကျောင်းသူတစ်ဦး ကလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအတွက် စာရေးကိရိယာများပေးအပ်ရာ ကျောင်းသားတစ်ဦးကလည်းကောင်း လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ပုသိမ်တပ်နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းအတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်အိတ်(၂၀၀)၊ ဆီ(၂၀၀)ပိဿာ၊ ပဲ(၃၀၀)ပိဿာ၊ ဆား(၁၀၀) ပိဿာနှင့် ငွေကျပ်သိန်း(၂၁၀)အားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား/သမီးများအတွက်  ဗလာစာအုပ်(၃၈၉)ဒါဇင်၊ ခဲတံ( ၂၈၄၉)ချောင်း၊ ခဲဖျက်(၇၇၉)ခု၊ ပေတံ(၇၇၉)ချောင်းနှင့် ဘောပင်(၂၆၈၆)ချောင်းကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)