ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသင်တန်း အမှတ်စဉ်(၁၆)၊ (၁၇)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၈)သင်တန်းသားအသစ်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသင်တန်းအမှတ်စဉ်(၁၆)၊ (၁၇)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၈)သင်တန်းသားအသစ် ကြိုဆိုပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သင်တန်းသားသံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်ဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတအရှင်သူမြတ်ထံမှဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော “မေတ္တာသုတ်” ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များအားတင်ပြလျှောက်ထားခဲ့သည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အုပ်ချုပ်မှုနာယကဆရာတော်ကြီးများ၊ ကျောင်းအုပ်၊ ကထိက၊ နည်းပြဆရာတော်များနှင့် သင်တန်းသားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများက  နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအုပ်ချုပ်ရေးနာယက၊  ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဩဝါဒါစရိယ မရမ်းချိုကျောင်းတိုက် ဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတအရှင်သူမြတ်က သင်တန်းသားသံဃာတော်များအား ဩဝါဒဂါထာချီးမြှင့်ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဇောတိဿရ MA.PH.D(India)ကသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် ထူးချွန်ဆုရသင်တန်းသားသံဃာတော်(၆)ပါးအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုလွှာနှင့် သင်တန်းဆင်းဒီပလိုမာလက်မှတ်များဆက်ကပ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်က သင်တန်းဆင်းသံဃာတော်များအား သင်တန်းဆင်းဒီပလိုမာလက်မှတ်များ အပ်နှင်းခဲ့သည်။

ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယအရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသင်တန်းဆင်းပွဲအခမ်းအနားနှင့် သင်တန်းသားအသစ်ကြိုဆိုပွဲအခမ်းအနားတွင် သင်တန်းအမှတ်စဉ်(၁၆)တွင် သင်တန်းသား(၁၉)ပါး၊ သင်တန်းအမှတ်စဉ်(၁၇)တွင် သင်တန်းသား(၉)ပါးတို့အား သင်တန်းဆင်းပေးနိုင်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၈) သင်တန်းသားအသစ်(၃၅)ပါး တက်ရောက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)