အိမ်မဲ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် မြို့တွင်းသို့ဝင်ရောက်မည့် ခရီးသွားပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ ခရီးသွားထောက်ခံချက ပါ/မပါစစ်ဆေးခြင်းကို ယနေ့က ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
"အိမ်မဲမြို့နယ်အတွင်းသို့ ဝင်ရောက်မည့် ခရီးသွားပြည်သူတွေကို သူတို့လာတဲ့ဆီကနေ့ ထောက်ခံစာ ပါ/မပါ စစ်ဆေးတာပါ။ စစ်ဆေးတာကို နေ့စဉ်နံနက် ၆ နာရီကနေ ညနေ၆ နာရီထိ စစ်ဆေးပါတယ်။ အိမ်မဲမြို့နယ်ကသူဆိုရင် ခရီးသွားအထောက်အထား ကတ်ကလေးတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီကနေ သွားရောက်ထုတ်ယူစေပြီး မြို့တွင်းသို့ ဝင်စေပါတယ်။ အခြားမြို့နယ်က ဆိုရင် သူတို့ရဲ့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများရဲ့ ထောက်ခံစာရယ် သူတို့စီးလာတဲ့ ယာဉ်အမှတ်၊ ဖုန်းနံပါတ်များကို စာရင်းရေးသွင်းထားပြီးမှ မြို့ထဲသို့ဝင်စေပါတယ်။ ထောက်ခံစာ မပါတာတို့ဆို မြို့တွင်းသို့ပေးမဝင်ပါဘူး"ဟု အိမ်မဲမြို့နယ် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အဆိုပါခရီးသွား အထောက်အထားကတ်ပြား ပါ/မပါစစ်ဆေးခြင်းကို အောက်တိုဘာလ ၂ ရက်နေ့က စတင်၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ခရီးသွားအထောက်အထား ကတ်ပြားပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြို့နယ်ကျော် လာရောက်မှုများအား ထိထိရောက်ရောက် စစ်ဆေးနိုင်ရန်၊ မြို့နယ်တွင်း သွားလာနေသူ များအား လွယ်ကူစွာ စစ်ဆေးနိုင်ရန်နှင့် ပြည်သူများ ခရီးသွားထောက်ခံချက် ရယူနေရမှုအား လျှော့ချရန် ဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)